Header Ads

  • Breaking News

    တရုတ်မှာ အမျိုးသမီးရုပ်အလောင်းတစ်ခုကို အသက်ပြန်သွင်းဖို့ အေးခဲထား


    အနာဂတ်မှာ အသက်ပြန်သွင်းဖို့ရည်ရွယ်ချက်နဲ့ လူ့အလောင်းတစ်ခုလုံးကို အေးခဲထားတဲ့နည်းပညာ (cryonics)ကို တရုတ်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရှန်တုံပြည်နယ်မှာ စတင်ကျင့်သုံးခဲ့ကြောင်း ယင်ဖန် သက်ရှိသိပ္ပံဖောင်ဒေးရှင်းက တနလာင်္နေ့က ပြောပါတယ်။

    နည်းပညာက လူတစ်ယောက် ကွယ်လွန်ပြီးပြီးချင်း သူ့ရဲ့အလောင်းကို အလွန်အေးခဲအောင် သိမ်းဆည်းထားပြီး နောင်တချိန်မှာ ဆေးဘက်နည်းပညာတွေ အဆင့်မြင့်လာရင် ကွယ်လွန်သူကို ပြန်အသက်သွင်းဖို့ရည်ရွယ်ပါတယ်။ လုပ်ငန်းဟာ မေ ၈ ရက်က စတင်ပြီး ကျန်းဝိန်လျန်ရဲ့နှလုံးခုန်ရပ်ပြီး ဆရာဝန်တွေက သူ့ကို ဆေးပညာအရ သေဆုံးတယ်လို့ သတ်မှတ်ပြီးနောက် ငါးမိနစ်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် အယ်ကောသက်တမ်းဆန့်ရေးဖောင်ဒေးရှင်းက အာရွန်ဒရိတ်နဲ့ ရှန်တုံတက္ကသိုလ်က ဆေးပညာရှင်တွေဟာ ကျန်းကို အာဟာရနဲ့ သွေးခုန်မှုအတွက် ထောက်ပံ့ပေးတဲ့ အသက်ပံ့ပိုးစနစ်တစ်ခုထဲ ချက်ခြင်း ထည့်ပေးလိုက်ကြတယ်လို့ ဖောင်ဒေးရှင်းကောင်စီဝင်တစ်ဦးဖြစ်တဲ့ ကောင်ဖေ့က တနလာင်္နေ့က ပြောပါတယ်။

    ဖောင်ဒေးရှင်းကို လူသားဆဲလ်နဲ့ ကိုယ်တွင်းအင်္ဂါသိုလှောင်ရေးနည်းပညာမှာ အထူးပြုတဲ့ ယင်ဖန်းဇီဝဗေဒဂရုက ထူထောင်ထားခြင်းဖြစ်ပါတယ်။ ကျန်းရဲ့အလောင်းကို အေးခဲထားတဲ့လုပ်ငန်းစဉ်အတွင်း ဆဲလ်တွေမပျက်စီးအောင်လို့ ဓာတုဆေးရည်တွေ သွင်းထား ပါတယ်။ အဲဒီနောက် အလောင်းကို အပူချိန် အနုတ် ၁၉၀ စင်တီဂရိတ်လွှတ်ထားတဲ့ အခေါင်းတစ်ခုထဲ ထည့်သွင်း ထားလိုက်ပါတယ်။ အသက် ၄၉ နှစ်အရွယ်ရှိပြီး ကျိနန်က အစိုးရဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့ ကျန်းဟာ အဆုတ်ကင်ဆာ ခံစားခဲ့ရ ပါတယ်။ သူ့ခင်ပွန်း ကွေကျန်မင်းဟာ ဇနီးဖြစ်သူရဲ့ဆရာဝန်အကြံပေးမှုနဲ့ ယင်ဖန်းဖောင်ဒေးရှင်းဆီ ရောက်ရှိလာပြီး ဇနီးဖြစ်သူရဲ့ဆန္ဒနဲ့အညီ အလောင်းကို အေးခဲဖို့ ဆုံးဖြတ်ခဲ့တာလို့ ဖောင်ဒေးရှင်းကောင်စီဝင် ကောင်က ပြောပါတယ်။

    “သူ့ဇနီးကို မကြာခင်ကာလအတွင်း အသက်သွင်းဖို့ဆိုတာ မဖြစ်နိုင်မှန်းသိပေမယ့် သူ ကြိုးစားကြည့်ချင်တယ်လို့ ပြောတယ်” လို့ သူကဆိုပါတယ်။ “ဒီဆုံးဖြတ်ချက်ကို ချရာမှာ ဇနီးအပေါ်ထားတဲ့ သူ့မေတ္တာက အကြီးမားဆုံးအချက် ဖြစ်လိမ့်မယ်ထင်တယ်” ဖောင်ဒေးရှင်းဟာ လုပ်ဆောင်မှုအတွက် ကုန်ကျစရိတ်အားလုံးနဲ့ သိုလှောင်မယ့်နေရာကို ကျခံပေးမှာဖြစ်ကြောင်း ကောင်က ဆိုပါတယ်။ ကုန်ကျစရိတ်က သိပ်ကြီးတယ်လို့ဆိုပေမယ့် ဘယ်လောက်လဲဆိုတာ ပြောဖို့ ငြင်းဆန် ခဲ့ပါတယ် ။ “ကျွန်တော်တို့က cryonics နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။

    “အလောင်းကို နှစ်ပေါင်း သုံးလေးဆယ်လောက် အနည်းဆုံးထားပြီး သိမ်းဆည်းထားမှာဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုကြာရင် ခန္ဓာကိုယ်ရဲ့ အခြေအနေကို ပြန်တွက်ချက်ပြီး ဖြစ်နိုင်ရင် အနာဂတ်မှာ ပြန်အသက်သွင်းပေးမှာပါ။ “ဒါက နည်းပညာဆိုင်ရာ ဖွံဖြိုးတိုးတက်မှုအပေါ် မူတည်ပါတယ်။ လတ်တလောအနာဂတ်မှာတော့ ပြန်လည် အသက်သွင်းဖို့ ဖြစ်နိုင်ချေမတွေ့ရပါဘူး” လို့ သူကဆိုပါတယ်။ ကျန်စုပြည်နယ် ၀ူစီပြည်သူ့ဆေးရုံက ဒုဥက္ကဌ ချမ်းကျင်ယုက လူတစ်ယောက်ရဲ့ နှလုံးသား ရပ်တန့်သွားပြီး အသက် မရှုတော့ရင် သူတို့ကို ဦးနှောက်သေဆုံးတယ်လို့ မှတ်ယူပြီး အလောင်းကို သိုလှောင်သိမ်းဆည်းထားတာက အဓိပ္ပါယ် မရှိကြောင်းဆိုပါတယ်။ “ဦးနှောက်သေဆုံးတဲ့သူကို အသက်ပြန်သွင်းဖို့ မဖြစ်နိုင်ပါဘူး”လို့ သူက ဆိုပါတယ်။

    Source: Kumudra

    No comments

    Post Top Ad

    Post Bottom Ad